“မြိုင်ကြီးငူဆရာတော်ဘုရား၏ ဘဝအချိုးအကွေ့များ – ယွန်းစလင်းအမြုတေ”
မြိုင်နန်းဆွေ
“သြော်… ဖခင်ကို နောက်ဆုံးမြင်ခြင်းဖြင့်သော်မှ ကြည့်ခွင့်မရှိတော့ပါလား”
(ဦးသုဇန)
ထွေပြားသော အတွေးအစ၊ ညှိုးလျသော သွင်ဟန်၊ ပူပန်သော အနေအထားဖြင့် အိမ်ပေါ်လှမ်းတက်လိုက်သည်။ ဦးသုဇနအား မြင်လိုက်ရသည်ဆိုလျှင်ပင် ဒေါ်မယ်သင်သည် အောင့်အည်းထားသမျှ အန်ထွက်လာတော့သည်။
“အမလေး… သား မောင်ပဉ္စင်းရဲ့၊ အဖြစ်က ဆိုးလှချည်းလား။ ကိုဖိုးသုန်ရေ… ထကြည့်ပါဦးတော့လား။ ဒီမှာ ရှင့်သား ရဟန်းတော်ကြီး ရောက်နေပြီလေ ကိုဖိုးသုန်ရဲ့…။ ဟိုတစ်ခါတုန်းက အဖေပင်ပန်းတာကို မကြည့်ရက်လို့ ကယ်မတဲ့အနေနဲ့ ရောက်ခဲ့တယ်။ အခုလည်း သားရဲ့အဖေကို ကယ်ပေးပါဦးလား မောင်ပဉ္စင်းရဲ့။ ပြောပါဦး၊ ဘာစကားမှ မပြောတော့ဘူးလား၊ မပြောတတ်တော့ဘူးလား”
ငိုချင်ရက် လက်တို့ဖြစ်လာသည်။ နဂိုကမှ စိတ်မခိုင်ချင်လှသည့်အထဲ ဆို့သံ၊ ငိုသံကြားရသဖြင့် ရင်ထဲတင်းကျပ်စွာ ခံစားလိုက်ရသည်။ လည်ချောင်းမှာ တစ်ခုခု နင်နေသည့်အလား ဆို့တစ်နေ၏။ အာတွေခြောက်လာသည်။
“ငါဟာ သားကြီး၊ ပြီးတော့ ရဟန်း… ငါငိုလို့မဖြစ်။
မငို… မငို… မငို… ငါမငို”
ဟု ကြိုပြီး မောင်းတင်ထားခဲ့သည်။ တင်ခဲ့သောမောင်းသည် ဘယ်အချိန်က ပြုတ်ထွက်သွားသည်မသိ။ သတိထားမိစဉ်မှာတော့ မျက်ရည်များ ပြည့်လျှံနေပြီဖြစ်သည်။ မျက်ခမ်းကန်ဘောင်မှ လျှံမကျအောင် ထိန်းထားရသည်။ အရာအားလုံးကို ပီပြင်စွာ ကြည့်မမြင်တော့ဘဲ ဝေဝါးနေလေပြီ။
အံကို တင်းတင်းကြိတ်ထားရသည်မှာ “ကျရိ… ကျရိ” မြည်နေ၏။ အံကို တင်းတင်းကြိတ်ထားရသဖြင့် နဂိုကလေးထောင့်မျက်နှာသည် မေးရိုးကြီးများ ထောင်ကား၍ လေးထောင့်စပ်စပ်ကြီး ဖြစ်သွားသည်။ ဆို့နစ်နေသောရင်ဖြင့် စကားပြောနိုင်ရန် အားယူကြည့်သော်လည်း အသံကား ထွက်မလာခဲ့ပါ။ အသံအစား မျက်ရည်များသာ ထွက်ချင်လာသည်။ ဆည်ထိန်းထားရသော မျက်ခမ်းကန်ဘောင်ရိုး ကျိုးသွားသည်ထင်ပါ၏။ ပူနွေးသော မျက်ရည်တစ်စက် ပါးပြင်ပေါ်သို့ လိမ့်ကျဆင်းလာပါမှ သတိပြုမိတော့သည်။
“ဟင်… ငါ မျက်ရည်ကျနေမိပါပေါ့လား…”
ရုတ်ချည်း သတိဖြင့် ထိန်းချုပ်လိုက်သည်။ တစ်ဖက်သို့လှည့်ပြီး အပေါ်ရုံဧကသီသင်္ဃန်းဖြင့် တို့သုတ်လိုက်ရသည်။ ရဟန်းဟူသည်မှာ သောက၊ ပရိဒေဝ စသောမီးများကို အလောင်မခံရအောင် အတတ်နိုင်ဆုံး ကျင့်ကြံနေတတ်ရသူများ ဖြစ်ကြသည်။ မျက်ရည်ကျလို့ ဘယ်သို့ မြင်တော်မည်မထင်။ အများတကာများရှေ့၊ အထူးသဖြင့် ပရိဒေဝမီး တောက်လောင်နေသော မိခင်ကြီးရှေ့နှင့် ဆွေမျိုးသားချင်းများရှေ့မှာ သားရဟန်းကိုယ်တိုင်က မျက်ရည်ကျပြလို့ ဖြစ်နိုင်ပါ့မလား။
“မရဲသော်လည်း ပြေးခဲစေ” ဆိုသကဲ့သို့ ရင်တွင်းမှာ မချိ။ တရိရိ နုံကြွေဖြေပါသော်လည်း ပြေနိုင်ခဲပေမယ့် ဟန်ဆောင်တင်းထားရသည်။ သားဟူသောမာန်၊ ရဟန်းဟူသောအသွင်ကို ငဲ့၍ သတိဖြင့် ထိန်းထား၏။ တည်ငြိမ်သည့်ဟန် အများအမြင်မှာ ထင်းကနဲ မနေသော်လည်း ဗလောင်ဆူ ပူဆွေးငိုကြွေးနေသည့်အဖြစ်ကို မည်သူမှမမြင်။ “ပြင်အေးလို့ အတွင်းပူတယ်၊ ငရဲသူနိုင်းစို့တန္တိ” ဖြစ်နေသည်ကို မိမိသာ အသိဆုံး ဖြစ်သည်။
]
ရီဝေသော မျက်လုံးအစုံဖြင့် ဝေ့ကြည့်လိုက်သည်။ မျက်ရည်စိုရွှဲနေသော မိခင်၊ စို့မျက်ရည်ဝိုင်းနေသော ကျန်ရစ်သူ မိသားစုများ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့ရသည်ကို တစ်ယောက်တစ်ခွန်း ပြောပြကြသည်။ အစီအစဉ်တော့ မကျလှ။ သို့သော် ဘာကြောင့်ဟူ၍တော့ သိရသည်။ နောက်တော့မှ ဖြစ်ပျက်ပုံကို အေးအေးဆေးဆေး မေးတော့မည်ဟု စိတ်ကူးလိုက်သည်။
ယခုအချိန်အထိ စကားတစ်လုံးမျှ ထွက်မလာနိုင်သေး။ ပြောမည်ကြိုးစားလိုက်တိုင်း ရင်ထဲမှာ တင်းကျပ်နေသည်။ ဆို့နစ်နေသည်။ လည်ချောင်းမှာ တစ်ဆို့နေပြီး အာခေါင်တွေ ခြောက်ကပ်နေသည်။
ရင့်ကျက်သူ မဟုတ်သေးလင့်ကစား သတိလက်လွတ်တော့ မဖြစ်သေးပါ။ ဘုရားရှင်ဟောတော်မူခဲ့သော မရဏတရားကို နှလုံးပိုက်ထားခဲ့သူဖြစ်သည်မို့ ခံသာ၏။ သူများအား တရားမဟောမီ မိမိကိုယ်ကို တရားချနေမိသည်။
“ဦးသုဇန… စဉ်းစား…၊ သတိလက်လွတ်တော့ မဖြစ်စေနဲ့။ ဇာတိကစလာရင် မရဏမှာ ဆုံးရမယ်။ လောကတံထွာ ဓမ္မတာရှိတယ် မဟုတ်လော… ဘုရား၊ ပစ္စေကဗုဒ္ဓါတို့သော်မှ မလွန်ဆန်နိုင်တဲ့ ဒီသေခြင်းကို သင့်ဖခင်လည်း မကျော်လွန်နိုင်၊ သင်လည်း ကျော်လွှားနိုင်မည်မဟုတ်။ သတ္တဝါတိုင်း တစ်နေ့မှာ သေခြင်းနှင့် ရင်ဆိုင်ရမှာချည်း…”
ယခုလည်း ဖခင်ကြီးသည် သေမည့်ရက်၊ အချိန် တိတိကျကျ မသိရဘဲ သေခဲ့ရသည်။ အလားတူ လူတိုင်းသည်လိုချည်း မရဏတရားနဲ့ ရင်ဆိုင်ရမှာဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အနှေးအမြန်သာ ကွာမည်၊ သေရမှာကတော့ ဧကန်။
“အဓုဝံ မေ ဇိဝိတံ၊ ဓုဝံ မေ မရဏံ” ပါတကား…။
ဤသို့ မရဏတရားသဘောကို စောကြောမိပြီးကာမှ နေသာသွားသည်။ မိခင်နှင့် မိသားစုများကို တရားသဘောဖြင့် ဝေဖန်သုံးသပ်၍ တရားချပေးသည်။ ဖြေနိုင်ခဲသေးသော်လည်း ပြေသလိုလို ရှိလာတော့သည်။
(စာရေးသူကို ဦးထိပ်ထားပြီး ခရက်ဒစ်ပေးပါသည်)

See less

Leave a Reply